ဂုံးရောက်မှ ပြန်စရမလို ဖြစ်နေသည်။
"ဆိုးရွားတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို စဉ်းစားပြီးမှ လုပ်ခဲ့တာပါ။ လွတ်လပ်မှုနဲ့ သိက္ခာအတွက် ကျွန်တော် ပေးဆပ်လိုက်တာပါ" ဟု စာရေးပြီး ချန်ဟောင်ဂေါင်းက နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
ယခင် လက်ထောက်ပါမောက္ခအဖြစ် နော့သ်ဝက်စ် တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန တွင်လည်းကောင်း၊ တရုတ်ပြည် အလယ်ပိုင်း မြို့ကြီးတစ်မြို့ ဖြစ်သည့် ရှီအန်းတက္ကသိုလ် ဥပဒေဌာနတွင် လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့ဖူးသည့် ချန်သည် ထိုအဖြစ်အပျက်ကို တရုတ်ပြည် Twitter ဟု လူသိများသည့် ဆိုရှယ်ကွန်ရက် Website တစ်ခုဖြစ်သော Sina Weibo ပေါ်သို့ ဒီဇင်ဘာ ၂၃ ရက်နေ့က တင်လိုက်သည်။ Weibo ပေါ်တွင် သူနှင့် မိတ်ဆွေဖွဲ့ထားသူပေါင်း ၅၇,၀၀၀ ရှိသည်။ သူ့အဖြစ်က တရုတ်ပြည်တွင် ပညာရေးဆိုင်ရာ လွတ်လပ်ခွင့် မရှိကြောင်းကို မီးမောင်းထိုး ပြလိုက်သလို ဖြစ်သွားပြီး ပွဲဆူစေခဲ့သည်။သူအွန်လိုင်းပေါ် တင်လိုက်သည့်စာကို အာဏာပိုင်တို့က ဆင်ဆာလုပ်ပြီး ဖြုတ်မထုတ်လိုက်မီ ၁၂ နာရီ အတွင်း အကြိမ်ပေါင်း ၁၇,၀၀၀ Share လုပ်လိုက်ကြသည်။ ချန်သုံးသည့် စကားအတိုင်း သုံးရလျှင် ပညာရေးသည် “ကျဉ်းမြောင်းသောလမ်းကြောင်း” ပေါ်သို့ ရောက်နေသည်။ အာဏာပိုင်တို့က တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံသားတို့၏ တာဝန်ကို ကျယ်လောင်စွာ အော်ပြသည်။ ချန်၏ အပြောအဆိုများကို ရှီအန်းအာဏာပိုင် များက သိပ်မကြိုက်။ သူ့ဟောပြောပို့ချချက် များသည် တရားဥပဒေ စိုးမိုးရေးကို အဟန့်အတား ဖြစ်စေသည်ဟု တက္ကသိုလ် အာဏာပိုင်များက ယူဆနေကြသည်။
ချန်သည် ဂျွန်စတူးအပ် မီးလ်စ်နှင့် မာ့စ်ဝက်ဘာ ကဲ့သို့သော ထင်ရှားသည့် လွတ်လပ်သော အတွေးအခေါ် ပညာရှင်များ အကြောင်းကို ဟောပြော ပို့ချတတ်သည်။ သူသည် ဟောင်ကောင်ရှိ ပညာရေးညီလာခံသို့ သွားတက်သည်။ ထိုနေရာသည် တရုတ် ပြည်မကြီးထက် လွတ်လပ်စွာ ဟောပြောဆွေးနွေးခွင့် ရှိသည့် နေရာ တစ်နေရာ ဖြစ်နေသောကြောင့် အာဏာပိုင်တို့က သိပ်ပြီး သဘောမတွေ့သော နေရာလည်း ဖြစ်သည်။
ချန်က သူဟောင်ကောင်မှ ပြန်လာပြီးနောက် ကြုံတွေ့ခဲ့ရသည်များကို အွန်လိုင်းပေါ်တွင် ရေးပြီးတင်ခဲ့သည်။ သူ့ကို တက္ကသိုလ် အာဏာပိုင်တွေက စည်းကမ်းဖောက်ဖျက်မှုနှင့် အရေးယူရန် ကြိုးစားကြသည်။ အဘယ်ကြောင့် ဆိုသော် ချန်က အာဏာပိုင်များ၏ ခွင့်ပြုချက်မရဘဲ ဆရာတွေကို မိမိသဘောနှင့် အစားထိုး သင်သောကြောင့် ဖြစ်သည်။ အာဏာပိုင်များ၏ စွပ်စွဲချက်ကို ချန်က ချုပ်ချယ်မှုတစ်ခု အနေနှင့် ပြစ်တင်ရှုတ်ချသည်။ အမှန်တော့ ကျောင်းသားများ အမြင်ကျယ်စေရန် သူက အတွေ့အကြုံ ရင့်ကျက်သော ရှေ့နေများနှင့် ထင်ရှားသည့် ဥပဒေဆိုင်ရာ ပညာရှင်များကို ဖိတ်ခေါ်ပြီး ကျောင်းသားများ ဗဟုသုတရစေရန် ဟောပြော ပို့ချစေခဲ့ခြင်းသာ ဖြစ်သည်။
ဒီဇင်ဘာ ၂၆ ရက်နေ့ တက္ကသိုလ်က ထုတ်ပြန်သည့် ကြေညာချက်တွင် ချန်တင်သွင်းလာသော နုတ်ထွက်လွှာကို လက်ခံလိုက်ကြောင်း ဖော်ပြထားသည်။ ကျောင်းဥပဒေကို နားလည် သဘောပေါက်မည် ထင်ကြောင်းလည်း အာဏာပိုင်တို့က ဆိုထားသည်။ ထိုအချက်ကို ချန်က နောက်တစ်နေ့တွင် Weibo တွင် ပြန်လည် ချေပထားသည်။ သူရေးသားထားသည့် အထဲတွင် "မိမိ ပုဂ္ဂလိက ရွေးချယ်မှုတစ်ခု ဖြစ်ကြောင်း၊ သူ့ဆုံးဖြတ်ချက်ကို နားလည်ပေးသည့် တက္ကသိုလ်အား ကျေးဇူးတင်ရှိကြောင်း" ဖော်ပြထားသည်။
သူအွန်လိုင်းပေါ်သို့ တင်လိုက်သည့် စာသည် ဗိုင်းရပ်စ်ပမာ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ တရုတ်ပြည်တွင် ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး စဉ်းစားစရာ လှုံ့ဆော်ထားသည့် စာတစ်စောင် ဖြစ်သွားသည်။ သူ၏ ဆရာလည်းဖြစ်သူ၊ ပီကင်းတက္ကသိုလ်တွင် ယခင်က အလွန်ထင်ရှား ကျော်ကြားခဲ့သည့် ဥပဒေပါမောက္ခ ဟီဝေဖန်းက ချန် ပညာသင်ကြားနေသည့် တက္ကသိုလ်အား “လူ့အခွင့်အရေးကို ကာကွယ်ပေးပါ” ဟု တိုက်တွန်းသည့် အပြင် ချန်ကိုလည်း နုတ်ထွက်ခြင်းမပြုရန် အကြံပေးလိုက်သည်။ ပါမောက္ခဟီက “တရားမျှတမှုမှာ အပေးအယူ လုပ်ဖို့လိုတယ်” ဟု ပြောကြားလိုက်သည်။
ပါမောက္ခ ဟီဝေဖန်းကိုယ်တိုင် ၂၀၀၉ ခုနှစ် မတ်လက ပီကင်းတက္ကသိုလ်မှ နယ်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသူ ဖြစ်သည်။ တရုတ်တွင် ၂၀၀၈ ခုနှစ်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်ကို ပြည်သူများ ရပိုင်ခွင့် ပဋိညာဉ်စာတမ်း ထုတ်ပြန်ပြီး အစိုးရထံ ပေးပို့ ခဲ့သည်။ ထိုစာတမ်းကို ပညာရှင်များ ဝိုင်းဝန်း လက်မှတ်ရေးထိုးရာ၌ ပါမောက္ခဟီ ပါဝင်ခဲ့သောကြောင့် တရုတ်အနောက်ပိုင်း ရှင်ကျင်းနယ်သို့ ၂ နှစ်ခန့် နယ်နှင်ဒဏ်ခတ်ခြင်း ခံခဲ့ရသည်။
ချန်ကိုယ်တိုင် အွန်လိုင်းပေါ် ရေးတင်လိုက်သည့် စာသည် အခြေခံလူတန်းစားများ အတွက် ဖတ်ရှုဝေဖန်စရာ ဖြစ်သွားသည်။ သူရေးသည့်စာ အောက်တွင် မှတ်ချက်တစ်ခု ဝင်ရေးသွားသည်။
"ဒီစာကို ဖတ်ပြီး မျက်ရည်ကျမိပါတယ်။ ဒီလို အရည်အသွေးရှိ၊ ဂုဏ်သိက္ခာရှိ၊ အမြော်အမြင်ကြီးတဲ့ ပါမောက္ခ တစ်ယောက်ကို သူမြတ်နိုးတဲ့ စာသင်ခန်းကနေ ထွက်သွားစေ ခဲ့တာဟာ ဥပဒေဆိုးကြောင့်လား၊ စနစ်ဆိုး ကြောင့်လား တစ်ခုခုတော့ တစ်ခုခုပါပဲ" ဟူ၍ ဖြစ်သည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ဥပဒေအတိုင်း ဆောင်ရွက်မှုက နည်းနည်း၊ တရုတ် ကွန်မြူနစ်ပါတီ၏ ပြဋ္ဌာန်းမထားသည့် ဥပဒေနှင့် အရေးယူမှုက များများ ဖြစ်နေသေးသည်။ တရုတ်ပညာတတ် အသိုင်းအဝိုင်းသည် ပါတီ အလိုကျ ဦးညွှတ် ခါးကိုင်းမှုများ ပြုလုပ်နေကြရသည်။ ဒီဇင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက် တစ်ခုတွင် ကျောင်းနှင့် ကောလိပ်များ၌ မာ့စ်ဝါဒ လှုပ်ရှားမှုများ ပြုလုပ်ရန်ဆိုသည့် အချက်သည် ပါတီ၏ လောင်းရိပ်နှင့်သြဇာသည် တရုတ်ပညာရေးကို ချုပ်ကိုင် ထားသေးကြောင်း ထင်ရှားသည့် အချက် ဖြစ်သည်။
ဆိုရှယ်လစ်တန်ဖိုးကို မြှင့်တင်ပေးမည့် သင်ရိုးညွှန်းတမ်း များကို ပြဋ္ဌာန်းသင်ကြားရန် ဆိုသည့် ပါတီ၏ လမ်းညွှန်ချက်သည် ပညာရေးတွင် ဒီမိုကရေစီ မရှိသေးကြောင်း ထင်ရှားသည့်အချက် ဖြစ်သည်။
၂၀၁၃ ခုနှစ် တစ်နှစ်တည်းတွင် တရုတ်တက္ကသိုလ် ကောလိပ်အသီးသီးမှ ထင်ရှားသည့် ပါမောက္ခများ နုတ်ထွက်ကြခြင်း၊ ပါတီကို ဆန့်ကျင်သည်ဆိုသည့် အကြောင်းပြချက်များဖြင့် အထုတ်ခံရခြင်းများ ရှိနေသည်။ အောက်တိုဘာလက ဂုဏ်သိက္ခာ ရှိသည့် ပီကင်း တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ တစ်ဦးဖြစ်သူ ရှီယီလိုင်းသည် အလုပ်ဖြုတ် ခံလိုက်ရသည်။ စာသင်ကြားရာတွင် စွမ်းဆောင်အား ထုတ်မှု ညံ့ဖျင်းသည်ဆိုသော အကြောင်းပြချက်နှင့် ထုတ်လိုက်ခြင်း ဖြစ်သည်။ သူ့လို ပါတီစုံရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တစ်ယောက် အနေနှင့် ရွေးကောက်တင်မြှောက်ခြင်း ခံရသူအား ဤစွပ်စွဲချက်မှာ ရယ်စရာတော့ ကောင်းလှသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် ဝေဖန်သံတွေ ညံသွားခဲ့သည်။ ပီကင်းတက္ကသိုလ်၏ ဆောင်ပုဒ်မှာ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ကိုယ်လုပ်ခွင့်ရှိသည် ဟူ၍ဖြစ်သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံလိုက်သောကြောင့် ဆရာအလုပ်က ဖြုတ်လိုက်သည် ဆိုခြင်းမှာ ပြည်သူ့သဘောထားကို လျစ်လျူရှုရာ ရောက်စေသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွတ်လပ်စွာဝေဖန် ထောက်ပြလေ့ရှိသူ ဥပဒေပညာရှင် ဇန်ရှုဇုန်ဆိုသူ ကိုလည်း ဒီဇင်ဘာလ အစောပိုင်းတွင် ရှန်ဟိုင်းရှိ တရုတ်အရှေ့ပိုင်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံနှင့် ဥပဒေဌာနက ထုတ်လိုက်ပြန်သည်။ ထိုကျောင်းသည် တရုတ်တွင် ဥပဒေကျောင်းများ အနက် နာမည်ကျော် ကျောင်းကြီးတစ်ကျောင်း ဖြစ်သည်။ သူက အွန်လိုင်းပေါ်မှ နိုင်ငံရေး ဖိအားဆက်ပေးနေလျှင် တက္ကသိုလ်များတွင် ပညာတတ်တွေ ကုန်တော့မည်ဟု သတိပေးချက်များ ရေးသားခဲ့သည်။
ဟောင်ကောင် တက္ကသိုလ်သို့ ပြီးခဲ့သည့် နိုဝင်ဘာလက ညီလာခံသွားတက်မည့် ချန်ကို တက္ကသိုလ်အာဏာ ပိုင်များက သတိပေး ခဲ့သေးသည်။ ချန် အွန်လိုင်းပေါ်တွင် ရေးသားထားသည့်စာကို တွေ့သွားသောကြောင့် ဖြစ်သည်။ သူ့ဟောင်ကောင်ဗီဇာကို အသိမ်းခံလိုက်ရသည်။ ဟောင်ကောင်သွားခွင့် ကိုလည်း သူ့တက္ကသိုလ်က ထောက်ခံပေးခြင်း မလုပ်ပေ။ ချန်က တက္ကသိုလ် အာဏာပိုင်များ၏ ရုံးခန်းသို့သွားပြီး သူ့ကို အဘယ်ကြောင့် ဟောင်ကောင်သွားခွင့် ပိတ်ပင်ပြီး သူ့စာတန်းကို သွားရောက် ဖတ်ကြားခွင့် မပြုရသနည်း ဆိုခြင်းကို မေးမြန်းခဲ့သည်။ သို့သော်လည်း လုံလောက်သည့် အဖြေကို သူပြန်လည်ရရှိခဲ့ခြင်း မရှိပေ။
ချန်က စိတ်ဆိုးပြီး ထိုအကြောင်းများကို အွန်လိုင်းပေါ် တင်လိုက်သည်။ အဘယ်ကြောင့် လူတစ်ယောက်၏ အခွင့်အရေးကို တစ်ခုချင်း ဖဲ့ချွေနေသနည်းဟု သူက မေးလိုက်သည်။ ဟောင်ကောင်သို့ သွားရန်မှာ သူ့အခွင့်အရေး ဖြစ်သောကြောင့် မရောက် ရောက်အောင်သွား မည်ဟု သူဆုံးဖြတ်လိုက်သည်။
သူတက္ကသိုလ်ဆရာဘဝက နုတ်ထွက်ခဲ့ရခြင်းကို အွန်လိုင်းက တစ်ဆင့် အများပြည်သူ သိရှိသွားသော်လည်း သူက သူ့ကျောင်းသားများကို ရင်ဆိုင်တွေ့ဆုံခြင်း မပြုပေ။ သူက ဥပဒေပါမောက္ခ တစ်ယောက်သည် ယခုလို သာမန် လူ့အခွင့်အရေးလေးကို တိုက်မယူနိုင်လျှင် သူ့တပည့်များကို သင်ကြားပေးရန် မထိုက်ဟု ခံယူထားသောကြောင့် ဖြစ်သည်။ ဟောင်ကောင်သို့ စာတမ်းဖတ်ကြားရန် သွားရောက်ရေးတွင် ဗီဇာရရှိရေး ကိုပင် သူမစွမ်းဆောင်နိုင်ခြင်း အတွက် သူဆက်လက် တိုက်ပွဲဝင်ရ ပေလိမ့်မည်။
ချန်၏ Weibo အွန်လိုင်းပေါ် တင်ထားသော ရေးသားချက်များနှင့် ပတ်သက်ပြီး တပည့်များကလည်း ဝိုင်းဝန်း မှတ်ချက်ရေးသား ခဲ့ကြသည်။
"ဆရာ့အတန်းကို ကျွန်တော် တက်ဖူးပါတယ်။ ဆရာ့စိတ်ကူး အတွေးအမြင်တွေကို လေးစားပါတယ်" ဟု ကျောင်းသားတစ်ဦးက ရေးထားသလို နောက်တစ်ဦး ကလည်း တက္ကသိုလ်သည် အကျဉ်းထောင်ဖြစ်လာပြီ ဟုလည်း ဝိုင်းရေးကြသည်။ ဆရာတစ်ယောက် အနေနှင့် နိုင်ငံတကာက သိအောင် စာတမ်းထွက်ဖတ်ရမည့် အခွင့်အရေးကို ပိတ်ပင်တားဆီးသည့် အတွက်လည်း မနှစ်မြို့စရာ ကောင်းသည်ဟု ဆိုကြသည်။ တချို့ကျောင်းသား များကလည်း ဒီဇင်ဘာ ၂၅ ရက်နေ့က တက္ကသိုလ်တွင် သူနောက်ဆုံး သင်ကြားပို့ချခဲ့သည့် ဓာတ်ပုံများနှင့် ပြောစကားများကို တင်ပေးထားကြသည်။
ပြည်သူတွေက ဘယ်လောက်ရေးရေး၊ ကျောင်းသားတွေက ဘယ်လောက်ရေးရေး ချန်ကိုတော့ ပါမောက္ခဘဝသို့ ပြန်လည် မရောက်စေနိုင်ခဲ့ပေ။ သို့သော် ပညာရေးတွင် ပါတီက နိုင်ငံရေးနှင့် ဝင်ရှုပ်နေခြင်းကိုတော့ သူတို့ ဖော်ထုတ်ပြီး ကမ္ဘာကို ချပြနိုင်ခဲ့ကြသည်။
ချန်က သူရေးသားသည့် အွန်လိုင်းစာမျက်နှာတွင် အစိုးရသည် နိုင်ငံရေးကို ကျောင်းထဲသွင်းပြီး ဝင်ရှုပ်ခြင်းအား ပြင်းထန်စွာ ဝေဖန်ထားသည်။
"ကျွန်တော့်အနေနဲ့ ပြီးပြည့်စုံတဲ့ တက္ကသိုလ် တစ်ခုဖြစ်ဖို့ မတောင်းဆိုပါဘူး။ ပါတီတက္ကသိုလ်၊ အစိုးရတက္ကသိုလ် ဖြစ်နေတာကိုလည်း မငြင်းနိုင်ပါဘူး။ တစ်နေ့မှာ တက္ကသိုလ်ပီသတဲ့ တက္ကသိုလ်စစ်စစ်ဖြစ် လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ရေးသားထား ချက်သည် တရုတ်တက္ကသိုလ် အဆင့် ပညာရေး၏ ထွက်ပေါက်မဲ့နေသော လမ်းကြောင်းပေါ်ရှိ ပညာတတ် တို့၏ အိပ်မက် ဖြစ်နိုင်ပေသည်။
No comments:
Post a Comment