မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, March 29, 2014

ဝတ်စားဆင်ယဉ်မှု

 ပအိုဝ်းတိုင်းရင်းသားတို့၏ ၀တ်စုံသည် အမျိုးသမီးရော အမျိုးသားပါ အနက်ရောင်နှင့် နက်ပြာရောင်ကို ၀တ်ဆင်ကြသည်။ ထိုင်း-မြန်မာနယ်စပ် ဟိုမုန်းဒေသအရှေ့ဘက်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် ပါမဖဒေသ အနီးတ၀ိုက်တွင် နေထိုင်သော ပအိုဝ်းများ၏ အမျိုးသမီးများသည် အနက်ရောင်ခေါင်းပေါင်းနှင့် အရောင်စုံသည့် ရိုးရာ ၀တ်စုံများဖြင့်
ဝတ်ဆင်ကြသည်ကို တွေ့ရသည်။ ရှေးခေတ်တွင် ပအိုဝ်းအမျိုးသမီးများ သာမက အမျိုးသားများပါ ဦးခေါင်းတွင် ဆံထုံးထုံး၍ ဦးရစ်များပေါင်းထားကြသည်။ ယခုခေတ်တွင် ရှေးဆန်သော လူကြီးအချို့မှတပါး ပအိုဝ်းအမျိုးသားမှာ ဆံထုံးမထား ကြသော်လည်း ဦးခေါင်းကိုမှု ပါဝါဖြင့် ရိုးရာမပျက်ပေါင်းထားကြသည်။သုဝဏ္ဏဘုမီသထုံပြည်ကို အနော်ရထာမင်းစော မသိမ်းပိုက်ခင်အချိန်တွင် ပအိုဝ်းတို့သည် အရောင်စုံပါသည့် ရိုးရာဝတ်စုံများဖြင့် ၀တ်ဆင်ကြသည်။ သုဝဏ္ဏဘုမိသထုံပြည်ကြီးကို ပုဂံမင်းလက်အောက်ကျရောက်သွားပြီးနောက် ပအိုဝ်းလူမျိုးတို့သည် မင်းမဲ့ဘ၀ဖြင့် နေကြ ရ၍ ၎င်းကိုဝမ်းနည်းသည့်အနေဖြင့် အနက်ရောင်ဝတ်စုံကို စတင်ဝတ်ဆင်လာကြသည်ဟု သက်ကြီးပအိုဝ်းဘုန်းတော်ကြီးတချို့မှတဆင့် သိရသည်။
ထို့အပြင် သထုံထီးနန်းကျဆုံးသွားပြီးနောက် စစ်နိုင်သူများ၏ ညှင်းပမ်းနှိပ်စက်မှုဒဏ်ကို မခံနိုင်တော့သည့် ပအိုဝ်းများသည် အုပ်စုများခွဲပြီး ရေကြည်ရာ အန္တရယ်ကင်းရာအရပ် ဒေသများသို့ ထွက်ခွာသွားကြသည်။ ရှမ်းပြည်တောင်ပိုင်းသို့ ရောက်သွားသော အုပ်စုများ သည် အများအားဖြင့် မြင့်မားအေးစိမ့်သော တောင်ပေါ်ဒေသတွင် အခြေချကြသည်။ ထို့ကြောင့် အအေးဒဏ်ကို ကာကွယ်နိုင်ရန် အနက်ရောင်ဝတ်စုံကို ယခုတိုင်အောင် ၀တ်ဆင်လာကြသည်။ အနက်ရောင်သည် အပူဓါတ်ကို စုပ်ယူပြီး အေးသောရာသီဥတု ဒဏ်ကို ကာကွယ်ပေးနိုင်သည့်အပြင် ပေရေစွန်းထင်မှုကိုလည်း သက်သာစေခြင်းနှင့် ဂုဏ်ပြိုင်ဆိုင်မှုကိုလည်း ကင်းစေသည့်ဟု ပအိုဝ်းဘိုးဘွားများက ဆိုသည်။

ပအိုဝ်းအမျိုးသားများသည် ဘောင်းဘီပွနှင့် ဆဲုင့်မွူး ခေါ် အပေါ်အင်္ကျီကို ၀တ်ဆင်ပြီး အတွင်းတွင် အဖြူရောင် တီရှပ်ကို ၀တ်ဆင်ကာ ရောင်စုံခေါင်းပေါင်းများဖြင့် ပေါင်းထား ကြသည်။ ယခင်က ပအိုဝ်းအမျိုးသားများသည် တောင်းပွိုလား ခေါ် ရိုးရာလွယ်အိတ်နှင့် နချိုင် ခေါ် ဓါးလွယ်ကို လွယ်လေ့ရှိသော်လည်း ယခုခေတ်တွင် ဓါးလွယ်သည့် အလေ့ အထကို မတွေ့ရတော့ပေ။ ပအိုဝ်းတိုင်းရင်း ပိန္ဓောဆေးဆရာများသည် အများအားဖြင့် အဖုံးပါသည့် ပလိုင်းအပြားများကို လွယ်ကြပြီး ၀ါးနှီးပါးပါးနှင့် ယှက်လုပ်ထားသည့် ခမောက်ဖြင့် ဆောင်းကြသည်ကို တွေ့ရတတ်သည်။

ပအိုဝ်းအမျိုးသမီးများသည် ရောင်စုံခေါင်းပေါင်းများနှင့် အနက်ရောင်နှင့် နက်ပြာရောင် သင်တိုင်းအင်္ကျီ၊ အင်္ကျီလက်ရှည်၊ ထမီ၊ ခြေသလုံးပတ် စသည်ဖြင့် အဆင့်ဆင့် ၀တ်ဆင်ကြသည်။ ယခင်က အပျိုအရွယ်အမျိုးသမီးများသည် ခြေသလုံးကို ပတ်ထား သော အ၀တ်စကို မြဲမံစေရန် ဒူးဆစ်ညီလုံးဝန်းသည့် ကွင်းများကို ကြိုးဖြင့်သီပြီး ပတ်ထား ကြသည်။ ယင်းကို ပအိုဝ်းဘာသာဖြင့် “တောင်ခမ်း”ဟု ခေါ်သည်။ ယခုခေတ်တွင် ဤခြေသလုံးပတ်ကို ပတ်ထားသည့် “တောင်ခမ်း”ကို မသုံးတော့ပေ။ အမျိုးသမီးများသည် ပွဲလမ်းသဘင်နှင့် ဈေးသို့သွားသည့်အခါတွင် ရိုးရာလွယ်အိတ် သို့မဟုတ် ဖော့စေး ခေါ် ပလိုင်းကို လွယ်ကြသည်ကို တွေ့ရသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့က ၀ိဇ္ဇာ(ဇော်ဂျီ)နှင့် နဂါးမမှ ဆင်းသက်လာသည်ဟု ယုံကြည်ကြ၍ ပအိုဝ်းအမျိုးသမီးများသည် မိမိကိုယ့်ကို နဂါးမပုံစံဖြင့် ဆင်ယင်ထုံးဖွဲ့ ကြသည်။ ငွေကြေးတတ်နိုင်သူများသည် ဌက်ပြောဖူးသဏ္ဍာန်နှင့် ကွမ်းသီးသဏ္ဍာန်ရှိ ရွှေဆံထိုးများကို မိမိတို့ဆံထုံးပေါ်တွင် ထိုးထားကြသည်။ တချို့က ရွှေဆံထိုးတမျိုးသာ ထိုးထားကြပြီး တချို့က နှစ်မျိုးစလုံးထိုးထားကြသည်။ ၎င်းတို့သည် ဌက်ပျောဖူးသဏ္ဍာန် ဆံထိုးချွန်သည် နဂါးမအမောက်သဖွယ်အဖြစ်လည်းကောင်း၊ ကွမ်းသီးသဏ္ဍာန်ရှိ အ၀ိုင်း ဆံထိုးကို နဂါးမမျက်စိသဖွယ်အဖြစ်လည်းကောင်း ဆင်ယင်ကြသည်ကို တွေ့ရသည်။ ယခုခေတ်တွင် ပအိုဝ်းအမျိုးသမီးများသည် ရွှေဆံထိုးများကို နေ့ကြီးရက်မြတ်နှင့် ပွဲလမ်း သဘင်ချိန်ခါတွင်သာ ဆင်မြန်းကြသည်ကို တွေ့ရသည်။

ယခင်က ပအိုဝ်းအမျိုးသမီးများသည် နားတွင် ရွှေပြားခတ်ပြီး လိတ်ထားသော နားတောင်း ကို သော်လည်းကောင်း၊ ရွှေဖြင့်ပြုလုပ်ထားသော နားဆွဲကိုလည်းကောင်း၊ ကျောက်မျက် ရတနာများဖြင့် စီချယ်ထားသော ရွှေနားကပ်ကိုလည်းကောင်း ဆင်မြန်းကြသည်။ သို့သော် လည်း နားတောင်းကိုမူ ယခင်က ၀တ်ဆင်ကြသော်လည်း ယခုခေတ်တွင် ၎င်းကို ၀တ်ဆင် လေ့မရှိသလောက်နည်းပါးသွားပြီ ဖြစ်သည်။ ပအိုဝ်းအမျိုးသမီးများသည် ရွှေ၊ ငွေ၊ ဘောင်၊ ကြေး စသည်ဖြင့် ပြုလုပ်ထားသော လက်စွပ် လက်ကောက်များလည်း ၀တ်ဆင်ကြသည် ကို တွေ့ရသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ရိုးရာဝတ်စုံကို ပွဲလမ်းသဘင်တွင်မက အိမ်နေသည့် အခါတွင်လည်း ၀တ်ဆင်ကြသည်။ သို့သော်လည်း ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည့် အောက်မြန်မာပြည်တွင် နေထိုင်သောပအိုဝ်းများသည် မိမိတို့အနက်ရောင် ရိုးရာ ၀တ်စုံကို ၀တ်ဆင်ခြင်း သိပ်မရှိတော့ပေ။ သို့သော်လည်း နေ့ကြီးရက်မြတ်နှင့် နှစ်စဉ် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့တွင် အနက်ရောင်ရိုးရာဝတ်စုံကို ၀တ်ဆင်၍ အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ဆင်နွယ်ကြသည်ကို တွေ့ရသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် ယခင်က မိမိတို့အ၀တ်အစားများကို ကိုယ်တိုင်ယှက်လုပ်ကြ သော်လည်း မြန်မာနိုင်ငံသည်နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ နှစ်ပေါင်းများစွာ ကျရောက် သောအခါ ရိုးရာယက်လုပ်သည့် အ၀တ်ပိတ်စများ မြေးမှိန်သွားခဲ့ရသည်။ သို့သော်လည်း ရိုးရာလွယ်အိတ်နှင် တပ့ ခေါ် ရိုးရာပါဝါကိုမူ ယခုတိုင်အောင် ကိုယ်တိုင်ယှက်လုပ် ၀တ်ဆင် ကြသည်ကို တွေ့ရသည်။ မျက်မှောက်ခေတ် ပအိုဝ်းတိုင်းသားတို့သည် အနောက်တိုင်းက လာသည့် အနက်ရောင်နှင့် နက်ပြာရောင်ပိတ်စများကို ရိုးရာဝတ်စုံအဖြစ်ချုပ်ယူပြီး ၀တ်ဆင်ကြသည်။

No comments:

Post a Comment