မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, March 31, 2014

ပအိုဝ်းလူမျိုးတို့၏ နောက်ခံသမိုင်းအကျဉ်းနှင့် လက်ရှိအခြေအနေများ

ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံနေထိုင်ကြသည့်အနက် ပအိုဝ်းလူမျိုးများသည် သတ္တမ မြောက်လူဦးရေအများဆုံး လူမျိုးတစ်မျိုးဖြစ်သည်။ ပအိုဝ်းလူမျိုးများသည် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားရှိပြီး အများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ အများအားဖြင့် မြင့်သော တောင်ပေါ်တွင်နေထိုင်ကြသဖြင့် အအေးဒဏ်ကိုကာကွယ်နိုင်ရန်အတွက် အနက်ရောင်နှင့် အပြာရင့်ရောင် ရိုးရာဝတ်ဆင်မှုရှိသည်။
စိုက်ပျိုးရေးကိုအခြေခံ၍အသက်မွေးဝမ်းကြောင်းပြုပြီးရိုးရှင်းစွာနေထိုင်ကြသည်။ ပအိုဝ်းလူမျိုးများသည် ရှမ်းပြည်နယ်တွင် ဒုတိယလူဦးရေအများဆုံးဖြစ်သည်။ ပအိုဝ်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ထုတ်ဝေသော(ပြည်ထောင်စုထဲကပအိုဝ်း) စာအုပ်အရ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၁.၈ သန်းခန့် ပျံ့နှံ့စွာနေထိုင်ကြသည်။ အချို့တောတောင်တွင် ရွှေ့ပြောင်းနေထိုင်လျက်ရှိသော ပအိုဝ်းလူထု များတွင် မည်သည့်နိုင်ငံသားအထောက်အထား ကဒ်ပြားများကိုင်ဆောင်ထားခြင်း မရှိသေးချေ။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင်လည်း ၈၀၀၀ ကျော်ခန့်အခြေစိုက်နေထိုင်လျက်ရှိသည်။
၁၉ ရာစု နှစ်ဦးပိုင်းမှစ၍ ရှမ်းပြည်တစ်ခွင် ပဒေသရာဇ်အုပ်ချုပ်ရေးရှင်သန်ကြီးထွားမှုအား ပအိုဝ်းလူမျိုးတို့မှ စတင်တော်လှန်ခဲ့သည်။ ပအိုဝ်းလူမျိုးတို့သည် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိကြပြီး သမိုင်းတွင်ပအိုဝ်း အမျိုးသားလှုပ်ရှားမှု ထင်ရှားပေါ်ပေါက်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပဒေသရာဇ်တော်လှန်ရေးကို ဖြားတန် ကောင်ခဲဦးဆောင်ခဲ့သည်။ စော်ဘွားတို့၏ အုပ်ချုပ်မှုအောက်တွင် ပြည်သူလူထုသည် စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့်အမျိုးသားရေဒစသည်တို့နှင့် အခြားသောအခွင့်အရေးအမျိုးမျိုးတို့ကို ပိတ်ဆို့ဖိနှိပ်ချုပ်ချယ်ခဲ့သည်။ စော်ဘွားနှင့် အမျိုးအနွယ်များကသာ ကျောင်းနေခွင့်ရ၍ ပြည်သူလူထုသည် ကျောင်းတက်ခွင့်မရရှိပေ။ ပညာကိုလိုလားသောပအိုဝ်းတို့သည် ဘုန်းကြီးကျောင်းတို့၌သာ သင်ယူ ကြသည်။ အဆိုပါဘုန်းကြီးကျောင်းတွင် အမျိုးသားများကိုသာ သင်ယူခွင်ပေးပြီး အမျိုးသမီးများအခွင့် အရေးများမရရှိကြပါ။ ထိုခေတ်တွင် ပအိုဝ်းလူမျိုးတို့ ယဉ်ကျေးမှု ဓလေ့ထုံးစံမင်္ဂလာဆောင်ပွဲသည် သတို့သားနှင့်သတို့သမီးလက်ထက်ထိမ်းမြားခြင်းမပြုမည် အပျိုစင်အမျိုးသမီးကို စော်ဘွားတို့ထံ အရင် ဆက်သပေးရသည်၊ အခွန်အမျိုးမျိုးလည်းဆောင်ရသည်။ လူခွန် အိမ်ခွန် ခြံခွန် စိုက်ပျိုးထားသော အပင်များ၏အခွန် ဝက်ခွန်ကြက်ခွန်များမကျန်ကောက်ခံသည်။ ဒေသတွင်း၌ လောင်းကစားအမျိုးမျိုး၊ အရက်နှင့်မူးယစ်ဖြန့်ဖြူးအမြှစ်သွယ်စေပြီး လူညွန့်တုံးသည့် စနစ်ကျင့်သုံးအုပ်ချုပ်ခဲ့သည်။ ဖြားတန်ကောင်ခဲ ဦးဆောင်သောတော်လှန်ရေးအဖွဲ့၏ဆန့်ကျင်တော်လှန်မှုကြောင့် ၁၉၅၈ ခုနှစ်တွင် ပဒေသရာဇ်စနစ်ငြိမ်း သွားခဲ့သည်။ ပဒေသရာဇ်ကျဆုံးပြီးနောက်ဦးနုအစိုးရလက်ထက် ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားဗွာ ဦးလှဖေသည် လက်နက်နှင့်ဒီမိုကရေစီလှဲလှယ်ရန် ကမ်းလှမ်းခံခဲ့ရ သည်။ ၎င်းလှဲလှယ်ရေးကိစ္စကို ပအိုဝ်း အမျိုးသားခေါင်းဆောင်မှ သဘောတူခဲ့ပြီး တောင်ကြီးမြို့အမှတ် ၂၁၂ ဆက်သွယ်ရေးအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးတစ်ခုတွင် ပအိုဝ်းခေါင်းဆောင်များကို အဆိပ်ကျွေးလုပ်ကြံခြင်း၊ သတ်ဖြတ်ခြင်းဖြင့် ဖြားဗွာဦးလှဖေအပါအဝင် ပအိုဝ်းခေါင်းဆောင်အများအပြားဖမ်းဆီး ထောင်ချခံခဲ့ရသည်
၁၉၆၂ ခုနှစ်တွင် ဗိုလ်နေဝင်းစစ်တပ်မှ ဦးနုအစိုးရအားဖြုတ်ချပြီး နိုင်ငံတော်အာဏာသိမ်းယူခဲ့သည်။ ၁၉၆၆ ခုနှစ်တွင်ဗိုလ်စံသိန်းဦးဆောင်၍ ရှမ်းပြည်နယ်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ဖွဲ့စည်း၍ ပအိုဝ်းဒုတိယတော်လှန်ရေးစတင်ခဲ့သည်။ ၁၉၇၀ နှစ်လည်ပိုင်းတွင် နေဝင်းစစ်အစိုးရမှ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကရင်နီပြည်နယ်၊ ပွန်ချောင်းနှင့် သံလွင်မြစ်အရှေ့ဖက်ခြမ်း ထိုင်းမြန်မားနယ်စပ်တစ်လျှောက် တွင် နဝတစစ်အစိုးရကိုဆန့်ကျင်တော်လှန်သော လက်နက်ကိုင်လူမျိုးစုအဖွဲ့အစည်းများအား အစားအစာဖြတ်၊ သတင်းအချက်အလက်ဖြတ်၊ ငွေကြေးဖြတ်နှင့် လူအင်အားဖြတ် ဖြတ်လေးဖြတ်နည်း ဗျူဟာကိုအသုံးပြုခဲ့သည်။ ထိုဖြတ်လေးဖြတ်ကြောင့် ပွန်ချောင်းအရှေ့ဖက် သံလွင်မြစ်အရှေ့ဖက်ခြမ်းတွင် အခြေစိုက်နေထိုင်သော ဌာနေပအိုဝ်းလူထုများသည် နယ်မြေစွန့်ခွာမှု၊ ရွာပုန်းရွာရှောင်ဒုက္ခသည်ဘဝဖြင့် ပိုမိုများပြားလာခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းနယ်မြေအား အနက်ရောင်နယ်မြေအဖြစ်သတ်မှတ်ခံခဲ့ရသည်။

၁၉၇၀ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီသွေးထိုးမှုကြောင့် ကွန်မြူနစ်စနစ်ကိုကျင့်သုံးသော ရလလဖ (အနီ)နှင့် အမျိုးသားဒီမိုကရေစီစနစ်ကျင့်သုံးသော ရလလဖ(အဖြူ)ဟူ၍ ပအိုဝ်းတော်လှန်ရေး အဖွဲ့နှစ်ဖွဲ့ ကွဲသွားခဲ့သည်။ ထိုသို့နှစ်ဖွဲ့ကွဲသွားသည့်နောက်ပိုင်း အမျိုးသားအချင်းချင်း ပြန်လည်ဖြတ်သတ် ခြင်းကြောင့် ပြည်သူလူထုများအတိ ဒုက္ခရောက်ခဲ့ရသည်။ အမျိုးသားဒီမိုကရေစီစနစ်ကိုကျင့်သုံးသော (ရလလဖ) အဖြူသည် ၁၉၇၆ ခုနှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အမည်ဖြင့်ပြောင်းလဲခဲ့သည်။ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၏ထိုင်းမြန်မာနယ်စပ်ဒေသရှိ မယ်အော၊ ကောနိန်းစခန်းကို ၁၉၈၄ ခုနှစ်တွင် ခွန်ဆာ ဦးဆောင်သော(SUA) အဖွဲ့လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် ပအိုဝ်းပြည်သူလူထုများသည် ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းသို့ အများအပြားထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ခွန်ဆာအဖွဲ့ ထိုင်းမြန်မာနယ်စပ် တစ်လျှောက်တွင် ပအိုဝ်းရွာသူရွားသားများအား အတင်းအဓမ္မစစ်သားစုဆောင်းခြင်းကြောင့်လည်း ထိုင်းနိုင်ငံသို့အများအပြားဝင်ရောက် ခိုလုံခဲ့ကြသည်။ ထိုအပြင် ၁၉၉၀ ခုနှစ်တွင် UWSA ဝတပ်နှင့် ခွန်ဆာဦးဆောင်သော (Meung Tai Army MTA) စစ်ပဋိပက္ခဖြစ်ပွားခြင်းကြောင့် ဌာနေတိုင်းရင်းသား လူထုများသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ၁၉၉၆ ခုနှစ်တွင် MTA ခွန်ဆာလက်နက်ချခဲ့သည်။ သို့သော်လည်း ပအိုဝ်းပြည်သူများအကြား ဘိန်းအမွေအနှစ် ပြန့်နှံ့စွာ စိမ့်ဝင်သွားခဲ့သည်။ ခွန်ဆာလက်နက်ချသွားသည့်နောက်ပိုင်းတွင် နယ်စပ်တစ်ကြောသို့ (နဝတ) စစ်တပ် များ လာရောက်အခြေစိုက်နေထိုင်ကြပြီး(နဝတ) စစ်တပ်မှလူ့မှုအခွင့်အရေးချိုးဖါက်မှု၊ ရာဇဝတ်ကျူးလွန် မှုများနည်းအမျိုးမျိုးဖြင့် ပအိုဝ်းလူထုများ ညဉ်းပမ်းနှိပ်စက်မှုများခံခဲ့ရသည်။ ၎င်းလူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် ပအိုဝ်းလူထုများထိုင်းနိုင်ငံသို့ထပ်မံဝင်ရောက် မှီခိုကြသည်။
၁၉၉၇ ခုနှစ်တွင် ခွန်ဆာ၏လက်အောက်ခံဖြစ်သော ယွတ်ဆစ်ဦးဆောင်သောအဖွဲ့သည် ပြန်လည် လက်နက်ကိုင်တောခိုပြီး(SSA) အဖွဲ့အမည်ဖြင့် တည်ထောင်ခဲ့သည်။ SSA အဖွဲ့မှ ငွေကြေးအဓမ္မ ကောက်ခံမှု၊ ကလေးစစ်သားစုဆောင်းမှုများ အစဉ်တစိုက်ဖြစ်ပေါ်ခဲ့သည်။ ထိုနည်းအတူ ဟိုမိန်းဒေသ သက်သာချောင်ချိရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့(SSS)သည်လည်း ကလေးစစ်သားစုဆောင်းမှုမှ လွတ်မြောက်ရန် အိမ်နီးချင်းထိုင်းနိုင်ငံအနှံ့အပြားသို့နည်းအမျိုးမျိုးဖြင့် ဘဝရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်နေကြ ရသည်။ အချို့တွင်(IDP)တောတွင်း လှည့်လည်ပုန်းရှောင်သူအဖြစ် ပညာရေး၊ကျန်းမာရေးနှင့် အဟာရချို့တဲ့စွာ အခက်အခဲပြဿနာများကြုံတွေ့နေသည်။ ၎င်းတို့ကလေး၏ အနာဂတ်ပညာရေးနှင့် ကျန်းမာရေးတို့မှာ စိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိနေသည်။
၂၀၀၈-၂၀၀၉ ခုနှစ်ကာလတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်နှင့်မောက်မယ်မြို့နယ်အတွင်း PNLA နှင့် SPDC တိုက်ပွဲဖြစ်ပွားမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး-ဆီဆိုင်ကားလမ်းအရှေ့ဖက်အား အနက်ရောင်နယ်မြေအဖြစ်သတ်မှတ်ခဲ့သည်။ လူထုများကို ည ၆း၀၀ နာရီမှ နံနက် ၆း၀၀ နာရီအထိ (မာရှယ်လောအမိန့်) အိမ်ပြင်မထွက်ရ သွားလာမှုကိုကန့်သတ်ပိတ်ပင်သည့်အမိန့်ကိုထုပ်ပြန်ခဲ့ပြီး နအဖ စစ်တပ်စစ်ကြောင်းကြီးများသည် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ခိုအောင်းနိုင်သည်ဟု ယူဆသည့် ရှမ်း-ကရင်နီနယ်စပ်တစ်လျှောက်လုံးကို ထိုးစစ်ဆင်လာခဲ့သည်။ ဤကဲ့သို့ ထိုးစစ်ဆင်မှုပြုရာတွင် မသင်္ကာဟု ယူဆရသည် ပအိုဝ်းလူထုအချို့ကိုဖဖ်းဆီးသတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ စစ်ဆေး ပေးမြန်းခြင်း၊ ကျေးရွာများမီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာလူထုရွာသူရွာသားများတို့သည် ကျေးရွာတွင်းတွင် မနေထိုင်လိုတော့ပဲ တောတွင်းတွင်လှည့်လည်နေထိုင်ခြင်း၊ ထိုင်းမြန်မာနယ်စပ်သို့ပြေးထွက်လာခြင်း၊ အချို့သည် ပို၍လုံခြုံသည်ဟု ထင်ရသည့်ကျေးရွာများသို့ ရွေးပြောင်းနေထိုင်ကြတော့သည်။ ထိုနည်းတူစွာ ကရင်နီ၊ ကရင်နှင့် မွန်ပြည်နယ်များသို့ စစ်အစိုးရ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပအိုဝ်းနှင့်အခြား တိုင်းရင်းသားများ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းသို့ ခိုလုံနေရသည်။

ပအိုဝ်းလူမျိုးများနေထိုင်သည့်ဒေသများအတွင်း နအဖ စစ်အစိုးရတို့၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် သော်လည်းကောင်း၊ အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုများကြောင့်လည်းကောင်း၊ ငြိမ်းချမ်းရေးပြုလုပ် ထားသည့် အပစ်အခတ်ရပ်စဲရေးအဖွဲ့များ၏ ဖိနှိပ်မှုများကြောင့်သော်လည်းကောင်း၊ ကုန်ဈေးနှုန်းမြင့်မားမှု နှင့် စီးပွားရေးကြပ်တည်းမူများကြောင့်သော်လည်းကောင်း အခွင့်အရေးမျိုးမျိုးချိုးဖောက်ခံရမှုများကြောင့် ပအိုဝ်းလူငယ်များနှင့် အမျိုးသမီးများတို့သည် ထိုင်းနိုင်ငံအတွင်းသို့ နည်းအမျိုးမျိုးဖြင့်ဝင်ရောက်၍ အလုပ်အကိုင်များရှာဖွေလာကြသည်။ ထိုင်းနိုင်ငံတွင် ပအိုဝ်းအလုပ်သမားခန့်မှန်းခြေအရ ၁ သိန်းကျော် ခန့်ရှိသည်။







No comments:

Post a Comment