မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Thursday, April 17, 2014

နောင်တောင်းလာဘမုနိ စေတီတော် သမိုင်း

IMG_0249
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အများစုရှိရာ နေရာဌာနများတွင် ဗုဒ္ဓမြတ်စွာ ဘုရား၏ဂုဏ်တော် များကို အောက်မေ့ ပူဇော်နိုင်ကြစေရန် စေတီတော်များကို တည်ထား ကိုးကွယ်ကြလေသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ကုသိုလ်တရားများ ဖြစ်တည် တိုးပွားကြစေရန် စေတီလေးမျိုးဖြစ်သည့် ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုစေတီ၊ ပရိဘောဂစေတီ များကို တည်ထား ကိုးကွယ်ကြသည်။ နတ်ပြည်တွင် စူဠာမဏိစေတီ၊ ဗြဟ္မာပြည်တွင် ဒုဿစေတီ ဟူ၍ အသီးသီး တည်ထားကြသည်။

ဟိုပုံးမြို့နယ် နောင်တောင်း ကျေးရွာသူ/သားများ သည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့် အလျောက် ရွာ၏ အရှေ့တောင်ဘက် တောင်ကုန်းပေါ်တွင် စေတီတော် တစ်ဆူနှင့် ရွာ၏ အနောက်ဘက် တောင်ကုန်းပေါ်တွင် စေတီတော် တစ်ဆူ တည်းထားကြသည်။ ယခုအခါ နောင်တောင်းပရဟိတ ကျောင်း၏ အရှေ့ဘက် တောင်ကုန်းပေါ်တွင် စေတီတော် သုံးဆူ တည်ရှိထားသည်။ စေတီတော် သုံးဆူ ရှိသည့်အနက် ပထမစေတီမှာ အလယ်တစ်ဆူ ဖြစ်ပြီး မည်သည့် ခုနှစ်၊ မည်သူက တည်ထားသည်ကို မသိသော်လည်း ယင်းစေတီပေါ် ချိတ်ဆွဲ လှူဒါန်းထားသော ဆည်းလည်း တစ်လုံး၌ “၁၂၆၁-ခုနှစ်၊ တပေါင်းလပြည့်” ဟု ရေးထိုးထားသည်ကို တွေ့ရှိရသည်။ ဘိုးဘွားဘီဘင်များ ထံမှလည်း ဤစေတီတော်ကို “၁၂၆၁-ခုနှစ်” မတိုင်မီ ကတည်းက တည်ထားသည်ဟု ကြားနာ မှတ်သားခဲ့ရသည်။ တောင်ဖက် ဒုတိယ စေတီကိုမူ ၁၃၄၂- ခုနှစ်တွင် ယခင် နောင်တောင်းကျောင်း ဆရာတော် ဦးနန္ဒ၀ံသက ဦးဆောင်ကာ တည်ထားခဲ့ပြီး၊ မြောက်ဖက် တစ်ဆူကိုမူ ယခု နောင်တောင်းကျောင်း ဆရာတော် ဦးရာဇိန္ဒသိရီ (သာသနဓဇဓမ္မာစရိယ)က ဦးဆောင်ကာ တည်ထားခဲ့လေသည်။
0005
ယခင် နောင်တောင်း ဆရာတော် ဦးနန္ဒ၀ံသသည် ဒုတိယ စေတီကို တည်ထားပြီးပြီးချင်း စေတီအနီးတွင် ကျောင်းဆောင် တစ်ဆောင်ကိုပါ တည်ဆောက်ကာ ၄င်းကျောင်းတွင်ပင် ၃-၀ါဆက်တိုက် သီတင်းသုံးတော်မူခဲ့သည်။ ထိုအချိန်တွင် ဆရာတော် ဦးနန္ဒ၀ံသသည် စေတီတောင်ကုန်း အနီးတွင် ပရိယတ္တိစာသင်တိုက် တည်ထောင် ဖွင့်လှစ်ရန် ဆန္ဒရှိခဲ့သည်။
၁၃၅၀-ခုနှစ်တွင် ဘုရားစေတီ တောင်ပေါ်ရှိ ၀ါးကျောင်းတွင် ထပ်မံ ၀ါဆို သီတင်းသုံးတော်မူခဲ့သည်။ ထိုအချိန်တွင် ယခု နောင်တောင်းကျောင်း ဆရာတော်သည် ရှင်သာမဏေ စာသင်သားဘ၀ ဖြစ်နေဆဲ ဖြစ်သည်။ စာမေးပွဲများ ပြီး၍ ရွာပြန်ပြီး ဆရာတော် ဦးနန္ဒ၀ံသထံ သွားရောက် ကန်တော့သည့် အခါတိုင်း “ကိုရင် စာတွေ တတ်အောင်လုပ်၊ စာတွေ တတ်ပြီး တစ်နေ့ကျရင် ဒီဘုရားတောင်ကုန်း အနီးမှာ သာသနာပြု လုပ်ငန်းတွေကို လုပ်၊ တတ်နိုင်ရင် စာသင်တိုက် ဖွင့်” စသည့် သြ၀ါဒများကို မကြာခဏ မိန့်ကြားခဲ့သည်။ ၁၃၅၁- ခုနှစ်တွင် ယခင် ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ ပျံလွန်တော်မူခဲ့လေသည်။
မူလ နောင်တောင်းကျောင်းကို ၁၃၆၂- ခုနှစ်တွင် မီးခခဲ့ပြီး ယခု နောင်တောင်း ဆရာတော်သည် ယခင် ဆရာတော် မိန့်ကြားခဲ့သည့်အတိုင်း စေတီတော်ကို အမှီပြု၍ အနောက်တောင်ဘက် နေရာတွင် ကျောင်းအသစ် ပြန်လည် တည်ထောင်ခဲ့ပါသည်။ ကျောင်းအသစ် စတင် တည်ထောင်ပြီးနောက် တတိယမြောက် စေတီတော် တစ်ဆူကိုပါ ဦးဆောင် တည်ထားခဲ့သည်။ နမ့်စန်မြို့မှ ဦးစိုင်းလူ+ ဒေါ်နန်းဆွမ်း မိသားစုက ကျပ်ငွေ (၁၅)သိန်းဖြင့် မတည် လှူဒါန်းပြီး ၇- ရက် သား သမီးများ စုပေါင်း လှူဒါန်းခြင်းဖြင့် ၁၃၆၆- ခုနှစ်တွင် ထီးတော် တင်နိုင်ခဲ့သည်။ သို့ဖြစ်၍ ၁၃၆၆- ခုနှစ်တွင် စေတီ သုံးဆူစလုံးကို ထီးတော် အသစ်များ တင်နိုင်ခဲ့သည်။
တောင်ဖက် စေတီနှစ်ဆူ ပြုပြင်ခြင်းကို ဟိုပုံးမြို့နယ် အနောက်ရပ်နေ ဦးခွန်မောင်ကို + ဒေါ်ခင်ကြည်၊ ဦးခွန်နေ၀င်း + ဒေါ်နန်းစန်းစန်းရီ၊ သား မောင်ဖုန်းနိုင် မိသားစုတို့က လှူဒါန်းခဲ့သည်။
IMG_0837IMG_20121113_094231ဘုရားစေတီ ရင်ပြင်တော် တိုးချဲ့ခြင်းကို နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ပထမ တစ်ကြိမ်တွင် ဘီအီးတပ်မှ ဒုတိယဗိုလ်မှူးကြီး ရွှေခိုင်၊ ဗိုလ်ကြီး စောကြည်သန်း တို့မှ ဘက်ဖိုးစက်အားဖြင့် လှူဒါန်းခဲ့ကြသည်။ ဒုတိယအကြိမ် ပြန်လည်တိုးချဲ့ခြင်း၊ အုတ်တံတိုင်း ကာရံခြင်း၊ သံမဏိ လက်ရန်းဝရံတာနှင့် ကျောက်ပြားများခင်းခြင်း၊ အာရုံခံ ဇရပ်များ တည်ဆောက်ခြင်းများကို မန္တလေးမြို့၊ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး အဖွဲ့မှ ဦးဇော်ရှင်း၊ ဦးခင်မောင်စောတို့ ဦးဆောင်သော အဖွဲ့သားများက လှူဒါန်းပြီး ဖြစ်သည်။
တောင်ပေါ် ပတ်လမ်း ဖောက်လုပ်ရာတွင် တောင်ကြီးမြို့၊ သစ်တောရပ်နေ ဦးမျိုးသန်းအေး + ဒေါ်တင်ညိုထွေး၊ သား မောင်ဟိန်းဇော်မြင့်၊ သမီး မမေယမုံဦး မိသားစုက လှူဒါန်းပါသည်။
ပတ္တမြားနဂါး ကုမ္ပဏီမှ ဘက်ဖိုးစက်အားဖြင့် စက်အားဒါန ပြုခဲ့ပြီး ဦးစိုးရွှေ + ဒေါ်သန်းသန်းနု၊ အမှတ် (၅) သံမဏိ စက်ရုံ၊ ပင်းပက်မှ ဒီဇယ် ၇ ပေပါ လှူဒါန်းပါသည်။ ယခုအခါ ဘုရားစေတီ တောင်ကုန်း ပတ်ပတ်လည်တွင် သစ်ပင်များကို စိုက်ပျိုးပြီး နေပြီ ဖြစ်သည်။
စေတီ ပြုပြင်ခြင်း၊ ကျောင်းကန် ဘုရားစေတီများကို ဆောက်တည် လှူဒါန်းခြင်းဖြင့် ဘုရားဖူးမျှော်သူများ ကုသိုလ်ရသလို အလှူရှင်များလည်း သာသနာ ထောက်ပံ့ခြင်း ကုသိုလ်များ ရပြီး ဖြစ်သည်။ စေတနာသည် စေတနာ ရှိသည့်အတိုင်း တုံ့ပြန်တတ်သည် ဖြစ်ရာ လောကီ လောကုတ် ချမ်းသာ သုခများ ရရှိနိုင်ပြီး နောက်ဆုံး ပန်းတိုင် နိဗ္ဗာန်ကိုပင် ရနိုင်ကြောင်း တင်ပြအပ်ပါသည်။

မှတ်ချက်။ ။ နောင်တောင်းဆိုက်ဒ်မှ ကူးယူဖော်ပြသည်။ (ဒီမှာ) သွားလိုက်ပါ။

No comments:

Post a Comment