တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအခြေခံ
*************************************
(ဖတ်ကြည့်ပါ မနူဟာမင်းနှင့် ရခိုင်သမိုင်းအစွန်း
အစပါပါတယ်၊ စာရေးဆရာ ဆူဒိုနင်ရေးတာပါ)
▄ အခြေခံလေးတွေပါ ▄
သက္ကရာဇ်=သက္က+ ရာဇ =သာကီဝင်+မင်း (ရှင်ဘုရင်)=ရှင်ဘုရင်တို့ရဲ့နှစ်
သာသနာနှစ် (သာသနာ သက္ကရာဇ်၊ ပါဠိလို Sasana Sakaraj) =ဘုရားရှင် ပရိနိဗ္ဗာန်စံခဲ့ပြီးတဲ့နှစ် ဒါ့ကြောင့် အခုဆိုရင် သာသနာနှစ်က ၂၅၅၈ ခုနှစ်ကို ရောက်နေပါပြီ။
(ထိုင်းတွေရဲ့ ပြက္ခဒိန်မှာ ၂၅၅၈ ခုနှစ်လို့ ရေးပါတယ်။)
▄ မကျေနပ်ဘူး အချစ်ရယ် နှစ်ကပြန်စမယ် ▄
၁၃၇၇ ဆိုတဲ့ မြန်မာ့ပြက္ခဒိန်ထဲက နှစ်ကျတော့ ကောဇာ သက္ကရာဇ် လို့ ခေါ်ပါတယ်။ အဲဒီ့မှာ သာသနာ သက္ကရာဇ်ကို ရှင်ဘုရင်တွေက (ဥပဒေကဲ့သို့အာဏာတည်သော အမိန့်နဲ့ထင်ပါရဲ့)ဖြိုပစ်ပါတယ်။
ပထမတစ်ကြိမ်က သာသနာနှစ် ၆၂၄ ခုနှစ်မှာ သရေခေတ္တရာပြည် သုမုန္ဒရီ မင်းက ၆၂၂ ခုနှစ်ကို ဖယ်ပလိုက်ပြီး ၂ နှစ်က စတင်ရေတွက်ခဲ့ပါတယ်။
(ဗေဒင် ကိန်းခန်းကြောင့်လားတော့ မသိဘူး။)
ဒုတိယအကြိမ်ကတော့ ပုဂံခေတ် ပုပ္ပားမင်းစောက လုပ်ပြန်တာပါ။ သုမုန္ဒရီသတ်မှတ်ခဲ့တဲ့ နှစ်ပေါင်း ၅၆၂ ခုနှစ် အရောက်မှာ နှစ်ပေါင်း ၅၆၀ ကို မလိုချင်တော့ဘူး၊ ၂ နှစ်က ပြန်စမယ်ဆိုပြီး လုပ်ပြန်တာပါ။ တော်သေးတယ်၊ သူတို့နှစ်ယောက်ပဲ လုပ်ခဲ့ကြလို့။ ထူးခြားတာက သူတို့ က မကျေနပ်ဘူး အချစ်ရယ်ဆိုပြီး တစ်ကပြန်မစဘဲ၊ ၂ က ချည်းပဲ ပြန်စခဲ့တာ ပါပဲ။
အဲတော့ သာသနာနှစ်ထဲက လျော့သွားတဲ့ စုစုပေါင်း နှစ်က (၆၂၂ +၅၆၀ = ၁၁၈၂) ဖြစ်ပါတယ်။ သည်တော့ကာ ဗုဒ္ဓသာသနာနှစ်ကို သိချင်ရင်ရောက်နေ တဲ့ မြန်မာနှစ်ကို ၁၁၈၂ ထပ်ပေါင်းရတော့မှာပါ။
▄ အနောက်တိုင်း ပြက္ခဒိန်နဲ့ဆိုရင် ▄
အဲဒီ့နှစ်တွေကို အနောက်တိုင်း ပြက္ခဒိန်နဲ့ချိန် ထိုးတော့ ဂေါတမ မြတ်စွာ ဘုရားရှင်ဟာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၄၀၀ လောက်မှာ ပွင့်တော် မူခဲ့တာပါ။ ခရစ်နှစ်က အခုဆို ၂၀၁၆။ အဲဒါကို နှစ်ပေါင်း ၄၀၀ ထပ်ပေါင်း လိုက်တဲ့အခါ နှစ်ပေါင်း ၂၄၀၀ ကျော် ရလာတာကို တွေ့ရပါလိမ့်မယ်။ သာသနာ သက္ကရာဇ်က ၂၅၅၈ ဆိုတော့ တော်တော်နီးစပ်ပါတယ်။ (ကွာခြား နေတဲ့ နှစ်တွေက လကိုအခြေခံတဲ့ အရှေ့တိုင်း ပြက္ခဒိန်မှာက တစ်နှစ်မှာ ၃၅၄ ရက်ပဲရှိပြီး ဝါထပ်တဲ့ နှစ်တွေမှာ ၃၈၄ ရက် ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ အနောက်တိုင်း ပြက္ခဒိန်ရဲ့ ၃၆၅ ရက်နဲ့ ကွဲလွဲမှုက နှစ်ပေါင်း ထောင်ချီလာတဲ့အခါမှာ ကိန်းဂဏန်းတွေ ဟကုန်တာ ဖြစ်တန်ရာပါတယ်။)
▄ ပထမ မြန်မာနိုင်ငံတော်နဲ့ ဗမာဗုဒ္ဓဘာသာရဲ့အစ ▄
ပထမ မြန်မာနိုင်ငံတော်ကြီးကို အနော်ရထာ (၁၀၁၄-၁၀၇၇) က ခရစ် တော်ပေါ်ပြီး ၁၁ ရာစုမှာ တည်ထောင်ခဲ့ပါတယ်။ သုဝဏ္ဏဘုမ္မိ သထုံ (မွန်) မင်းဆက်တွေက ခရစ်တော်မပေါ်မီ ၄ ရာစု ကတည်းက အနော်ရထာဘုရင်က သထုံမင်း မနူဟာ (မွန်နာမည် မကုဋ) ကို အနိုင်တိုက်ခဲ့တဲ့ ၁၁ ရာစု (၁၀၅၇ ခုနှစ်) အထိရှိခဲ့တာပါ။ အနော်ရထာအကြောင်းပြတာကတော သူလိုချင်တဲ့ ပိဋကတ် သုံးပုံကို မနူဟာက အရိုင်းအစိုင်းတွေကို မပေးနိုင်ဘူးလို့ ပြောတာမို့ ရာဇမာန်ရှ သွားတာက စတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓသာ သာနာအစ မနူဟာကလို့ ပြောမှမှန်ပါလိမ့်မယ်။ အနော်ရထာက စစ်တပ် နိုင်ငံတော်ကြီးကိုထူထောင်ကာ အနီးဝန်းကျင်ကို နယ်ချဲ့ လွှမ်းမိုးခဲ့ပြီးကာမှ ဗုဒ္ဓဘာသာအစအနော်ရထာက လုပ်ချ လိုက်တာသာ ဖြစ်ပါတယ်။
▄ မဟာမုနိ ရုပ်ရှင်တော် ▄
သည်နေရာမှာ ရခိုင်တွေရဲ့ သမိုင်းကြောင်းကလည်း မွန်တွေ ထက်တောင် စောတယ်လို့ အဆိုရှိပါတယ်။ ရခိုင် ဒဏ္ဍာရီ အရ ဒည၀တီ မင်းဆက်ဟာ ခရစ်တော်မပေါ်မီ ၃၄ ရာစု (နှစ်ပေါင်း ၃၄၀၀) ကတည်းက စတင်တာပါ။ မန္တလေးက ဘုရားကြီးမဟာမုနိ ရုပ်ရှင်တော်ကြီးဟာ ဒည၀တီခေတ် ခရစ်တော်မပေါ်မီ ၅၅၄ ခုနှစ်လောက်မှာ ဘုရားရှင် ကိုယ်တော်တိုင် ဒည၀တီ နေပြည်တော်ကို ကြွလာစဉ်က သွန်းလုပ်ခဲ့ တာလို့ အဆိုရှိပြန်ပါတယ်။ ဆိုတော့ ရခိုင်ပြည်မှာ ဗုဒ္ဓသာသနာက အစောကြီး ကတည်းက ထွန်းကားခဲ့ တယ်လို့ယူသော် ရမယ်ထင်ပါတယ်။
▄ ရခိုင်မင်းဆက်တွေ ▄
မွန်မင်းဆက်များ စတင်ချိန် ခရစ်တော်မပေါ်မီ ၄ ရာစုမှာတော့ ဒည၀တီမင်းဆက် ကျသွားပြီး ဝေသာလီ မင်းဆက် ပေါ်လာပါ တယ်။ ဝေသာလီမင်းဆက်ကရခိုင်ပြည်ကို ၄ ရာစု အလယ်ကနေ ခရစ်တော်ပေါ်ပြီး ၈ ရာစုကျော်ကျော်အထိ ရှိခဲ့တယ်။
အဲဒီ့နောက် လေးမရို့ (လေးမြို့) မြစ်ကမ်းက မြို့ကြီးလေးမြို့ကို စတင်အောင်နိုင် ခဲ့ပြီး ပေါ်ပေါက်လာတဲ့ လေးမရို့ မင်းဆက်ဖြစ် လာပြန်တယ်။အဲဒါက သမ္ဘာဝနဲ့ပဉ္စမင်းဆက်မှသည် လောင်းခေတ်မင်းအထိ ပေါ်ပေါက် လာခဲ့ပြန်တယ်။
နောက်ဆုံးမင်းဆက်ကတော့ မြောက်ဦးမင်းဆက်ပါ။ ခရစ်နှစ် ၁၄၂၉မှာ မင်းစောမွန် တည်ထောင်ခဲ့တာဖြစ်ပြီး အဲဒီ့ခေတ်မှာ အာရပ်၊ ဥရောပတွေနဲ့ပင်လယ်ရေကြောင်း ကူးသန်းရောင်းဝယ်မှုတွေ စည်ပင်ခဲ့ပါတယ်။ သည်မင်းဆက်လက်ထက်မှာ စစ်တကောင်းမြို့ဟာ မဂိုအင်ပါယာကြီး လက်ကိုကျသွားခဲ့ပါတယ် (၁၆၆၆ ခုနှစ်)။
၁၇၈၅ ခုနှစ် ဇန္နဝါရီ ၂ ရက်နေ့မှာတော့ မြောက်ဦးခေတ်ဟာ ဗမာတို့ရဲ့ကုန်းဘောင်မင်းဆက်ရဲ့ နယ်ချဲ့ဒဏ်ကို ခံလိုက်ရပြီး အဆုံးသတ်သွား ပါတော့တယ်။ မဟာမုနိ ရုပ်ပွားတော်ကြီးကိုပါ ဗမာတွေက သယ်သွားတော့ တာပါပဲ။
▄ ပြောရတာတော့ သိပ်မကောင်း ▄
ဗုဒ္ဓဘာသာကို ဗမာပိုင် စလုပ်တာ ခရစ်နှစ် ၁၀၅၇ ခုနှစ်။ အနော်ရထာ့ လက်ထက်မှာ မွန်ဘုရင် မနူဟာဆီက တစ်ဆင့် အရည်းကြီး သာသနာမှသည် ဗုဒ္ဓသာသနာကို ကူးပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့နောက် နှစ်ပေါင်း ၇၀၀ ကျော်ကြာတော့မှ မဟာမုနိ ကိုယ်တော်ကြီးကိုရခိုင်ပြည်ကနေ စစ်နိုင်သူများပီပီ အဓမ္မလုယူပြီး ဗမာပြည်ကို ပင့်ဆောင်ခဲ့တာဖြစ်ပါတယ်။
▄ မှတ်ချက် ▄
ကျွန်တော်က မန္တလေးမှာမွေးတဲ့ ဗမာပါ။ ဗုဒ္ဓဘာသာ ဝင်ပါ။ ဒါကို ရေးပြတာက တိုင်းရင်းသားချင်း သွေးကွဲ စေလိုတဲ့ စေတနာနဲ့ မဟုတ်ပါဘူး။ ဇာတိမာန်ဖောင်းပွလွန်းနေသူတွေ အမှန်ကို မြင်ကြစေချင်လို့သာ ဖြစ်ပါတယ်။ ဗမာလူမျိုးကြီးဝါဒကို စက်ဆုပ်လို့လည်း အခုလိုရေးဖြစ် တာ ဖြစ်ပါတယ်။ ဗမာစာသည် ဒို့စာ၊ ဗမာ စကားသည် ဒို့စကား စလုပ်ခဲ့ကြကတည်းက ဗြိတိသျှနယ်ချဲ့ကို ဆန့်ကျင်ချင်ဇောတွေ အဖောင်းပွလွန်ပြီး တိုင်းရင်းသား ချင်းစာနာစိတ်ကို မေ့လျော့ခဲ့တယ်လို့ မြင်မိနေတာကြာပါပြီ။တကယ်လို့သာ ဗမာတွေထက် ယဉ်ကျေးမှု မြင့်တဲ့ ရခိုင်တွေ၊ မွန်တွေကရခိုင်စာသည် ဒို့စာ၊ ရခိုင်စကားသည် ဒို့စကားဖြစ်ဖြစ်၊ မွန်စာသည် ဒို့စာ၊မွန်စကားသည် ဒို့စကားဖြစ်ဖြစ် လုပ်ကြမယ်ဆိုရင် ကျွန်တော်တို့ ဗမာတွေကျေလည်နိုင်ပါ့မလား။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အပြောနဲ့ တည်ဆောက်လို့ မရပါဘူး။ လက်တွေ့ကျတဲ့အမြင်၊ စာနာထောက် ထားတတ်တဲ့ စိတ်များကို အခြေခံကာ မျှတတဲ့ ဆောင်ရွက်ချက်များနဲ့သာ တည်ဆောက် နိုင်မယ်လို့ မမှိတ်မ သုန်ယုံကြည်ပါတယ်။
သည်အတွက် ဗမာတန်မဲ့နဲ့ ဗမာတို့ရဲ့ သတိလစ်ကွက်၊ ဟာကွက်များကို အမြွက်မျှ ထောက်ပြလိုက်တာသာ ဖြစ်ပါတယ်။နောက်တစ်ချက်က ကျွန်တော်ဟာ သမိုင်းပညာရှင် မဟုတ်ပါဘူး။ သမိုင်းပညာရှင်ဆိုဦးတောင်မှ ပုဂံရာဇဝင်ဆိုတာ တုတ်ထမ်းပြီး ငြင်းရတယ်လို့ အဆိုရှိတာမို့ ပညာရှင်ချင်တောင် ကိုယ့်အယူအဆနဲ့ ကိုယ်မှန်တယ်လို့ ပြောယူရအောင် အထောက်အထားပိုင်းက အားနည်းပြီး ပါးစပ်ရာဇဝင်က ပိုများတာလည်း အားလုံးအသိပါ။
သည်စာရဲ့ အဓိက ရည်ရွယ်ချက်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို စဉ်းစားတိုင်း မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားအပေါင်းကို ဗမာများနဲ့ တန်းတူရည်တူ လူသားများအဖြစ် ရှုမြင်ရေးပဲဖြစ်ပါတယ်။ အဲသလို မရှုမြင်နိုင်သမျှ ကာလပတ်လုံး၊ တိုင်းရင်းသားတွေကို တဆင့်နှိမ့် စဉ်းစားနေကြသမျှ ကာလပတ်လုံး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာကို ပါးစပ်နဲ့သာ တည်ဆောက်နိုင် မှာဖြစ်ပြီး လက်တွေ့အကောင်အထည်နဲ့မြင်ရဖို့ကတော့ လွယ်ဦးမှာ မဟုတ်တဲ့အကြောင်း မရဲတရဲနဲ့ပဲ ဇွတ်မှိတ်ပြောချလိုက်ရပြန်ပါတယ်။ အားလုံးအတွက် တွေးဆဆင်ခြင်စရာ တစ်ခုခု ရသွားတန်ကောင်း ရဲ့လို့ မျှော်လင့်မိပါတယ်ခင်ဗျား။
(ဆူဒိုနင်)
ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။
ပအိုဝ်းခမ်းတန်
..............ကျေးဇူးတင်ပါသည်.................
No comments:
Post a Comment