မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, August 13, 2019

တိမ်မြုပ်နေတဲ့ ရတနာများရှိရာ ပင်လောင်းမြို့ 🌾



တိမ်မြုပ်နေတဲ့ ရတနာများရှိရာ ပင်လောင်းမြို့ 🌾

ကျွန်တော်ဒီစာကို မရေးခင် အားလုံးကို မေတ္တာရပ်ခံစရာရှိပါတယ်... မနေ့က ကျွန်တော် ပင်လောင်းမြို့အကြောင်း တင်ပေးမယ်ဆိုတာ အသိပေးလိုက်တော့ msg box ကနေ ပင်လောင်းဇာတိဖြစ်တဲ့ ကျွန်တော့်စာဖတ်သူတချို့က လာပြောပါတယ်...။ သူတို့မြို့လေးကို ခရီးသွားဧည့်သည်ပါးပါးနဲ့ ဒီတိုင်းအေးအေးချမ်းချမ်းလေးပဲ ရှိနေစေချင်တယ်တဲ့... သိပ်လှတယ်ဆိုတဲ့ နောက်မှာ စည်းကမ်းမရှိတဲ့ ခရီးသွားတွေကြောင့် သူတို့မြို့အလှလေးတွေ ပျက်သွားမှာကြောက်တယ်တဲ့...။ ကိုယ့်ဇာတိမြို့လေးအလှကို ထိန်းသိမ်းချင်တဲ့ ခံစားချက်ကို ကျွန်တော် အပြည့်အဝနားလည်ပါတယ်... ဒါပေမယ့် ဘယ်အရာမှ ဖုံးကွယ်ထားလို့မရတဲ့ ဒီခေတ်ကြီးမှာ ခရီးသွားလုပ်ငန်းဖွံဖြိုးလာပြီး ဒေသခံအားလုံးကို
အကျိုးရှိစေမှာကလည်း ငြင်းလို့မရတဲ့ အမှန်တရားပဲလေ...။ အဲ့အတွက် ကျွန်တော်ရဲ့ ဒီခရီးသွားလမ်းညွှန်လေးကို ဖတ်ပြီး ပင်လောင်းမြို့ကို အလည်သွားမယ်ဆိုရင် စည်းကမ်းရှိပြီး သဘာဝအလှကို တန်ဖိုးထားတဲ့ ခရီးသွားတွေ ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်...။


ပင်လောင်းမြို့ဆိုတာ 🌾
==============
ပင်လယ်ရေမျက်နှာပြင်အထက် ပေ 4800 မှာ တည်ရှိတဲ့ အရင်က "လွယ်လုံ" လို့နာမည်တွင်တဲ့ ဒီပင်လောင်းမြို့လေးမှာ ရှမ်းပြည်ရဲ့ သင်္ကေတတွေဖြစ်တဲ့ တောင်တန်းတွေ၊ လှေကားထစ်စိုက်ခင်းတွေ၊ စားကောင်းလွန်းတဲ့ ရှမ်းစာတွေ၊ ရိုးသားတဲ့တိုင်းရင်းသားတွေ အကုန်လုံး ရှိနေပါတယ်... ခရီးသွား အရောက်အပေါက် နည်းပေမယ့် တစ်ခါရောက်ဖူးပြီးသူကတော့ ထပ်ထပ်လာချင်နေအောင် ဆန္ဒပြင်းပျနေမှာ အမှန်ပါ...။ ခါတိုင်းရောက်ဖူးနေကျ တောင်ပေါ်မြို့တွေနဲ့ မတူတာကတော့ တောင်တန်းအနေအထားလို့ ပြောရမှာပါ... ပုံသဏ္ဍာန်ဆန်းပြားတဲ့ ကျောက်သားတောင်တွေ များစွာရှိနေသလို ရှုခင်းအနေအထားကလည်း သီးသန့်ကို ကွဲထွက်နေတဲ့ အလှမျိုး ပိုင်ဆိုင်ထားတဲ့ မြို့လေးပါ...။


ပင်လောင်းကို ဘယ်လိုသွားကြမလဲ? 🚘
=======================
ရန်ကုန်ကနေဆို လွိုင်ကော်သွားတဲ့ကား စီးရမှာပါ... အရင်ကဆို လွိုင်ကော်သွားရင် ကားတွေက သိပ်မကောင်းပါဘူး... 16 နာရီလောက် အနည်းလေး စီးရတယ်...။ အခုကတော့ တော်တော်ကောင်းတဲ့ ရိုးရိုးကား ယာဉ်လိုင်းမျိုးစုံ ပေါ်လာသလို VIP ကားတွေတောင် ရှိနေပြီ... ဒါမယ့် VIP က နေ့တိုင်းမထွက်ဘူးဆိုတော့ ရိုးရိုးကား အကြောင်းပဲ ပြောပြပေးမယ်... လွိုင်ကော်ကားစီးပြီး ပင်လောင်းမှာ ဆင်းမယ်လို့ ပြောရမှာပါ... ပင်လောင်းထိကို 10 နာရီလောက် စီးရမယ်...။ ကျွန်တော်စီးဖူးသလောက် ကတော့ စွမ်း Group၊ မျိုးဆက်သစ်၊ ရွှေရာဇာ စတဲ့ ယာဉ်လိုင်းတွေ ရှိပါတယ်... အဲ့ထဲမှာ ရွှေရာဇာက ပိုစီးလို့ ကောင်းတယ်... ဈေးနှုန်းကတော့ 13000 ဝန်းကျင်ပါ...။

တည်းခိုဖို့နေရာနဲ့ လည်ဖို့ပတ်ဖို့ 🏠
====================
Hotel Pin Laung တဲ့... တစ်မြို့လုံးမှာ တစ်ခုပဲရှိတယ်... တခြားရွေးစရာ မရှိပေမယ့် ရွေးနေစရာမလိုလောက်အောင်ကို ဝန်ဆောင်မှုက ရှယ်ပဲ... အခန်းဈေးနှုန်းက နှစ်ယောက်ခန်း - 35000 Ks၊ သုံးယောက်ခန်း - 45000 Ks၊ လေးယောက်ခန်း - 55000 Ks စသဖြင့် အစားစား ရှိပါတယ်... စားဖို့သောက်ဖို့ကလည်း ဟိုတယ်မှာ ဈေးသက်သက်သာသာနဲ့ မှာစားနိုင်သလို မြို့တွင်းမှာလည်း ပေါတယ်...။ ဟိုတယ်မှာ စက်ဘီးတွေလည်း ထားပေးထားတော့ တစ်နာရီ 1000 Ks နဲ့ မြို့တွင်း ကြိုက်တဲ့နေရာ လျှောက်သွားနိုင်တယ်... မြို့ပြင် နည်းနည်းလှမ်းတဲ့ အထင်ကရနေရာတွေ သွားမယ်ဆိုရင်တော့ ဟိုတယ်က ကားစီစဉ်ပေးပါတယ်... အနီးအဝေးပေါ်မူတည်ပြီး 25000 Ks ကနေ 60000 Ks အထိ ယူတယ်လို့ သိရပါတယ်... ဟိုတယ်ပိုင်ရှင် အဘကလည်း အရမ်းသဘောကောင်းပြီး စေတနာအရမ်းပါတယ်... နာမည်က ဦးကောင်းကောင်းတဲ့... Hotel Pin Laung ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ 09 73154250, 09 5182361 ပါ... သွားတာလာတာ ကားငှားတာ ဆိုင်ကယ်ငှားတာ အကုန်ဟိုတယ်က စီစဉ်ပေးမှာပါ...။

ပင်လောင်းမြို့မှ လည်စရာနေရာများ
========================

✔လွယ်မောင်းတောင် - ကျွန်တော်တို့က ပင်းတယကနေတစ်ဆင့် လာကြတာဆိုတော့ ပင်လောင်းကို ညနေပိုင်းလောက် ရောက်ပါတယ်... ရောက်ရောက်ချင်းပဲ ဟိုတယ်မှာ အထုပ်ချပြီး ဟိုတယ်အနီးက ပေ 6214 ရှိတဲ့ ပင်လောင်းမြို့ရဲ့ အမြင့်ဆုံး လွယ်မောင်းတောင်ကို ကားနဲ့တက်ကြပါတယ်... တောင်ပေါ်ကို ရောက်တော့ တခြားတောင်တန်းတွေနဲ့မတူတဲ့ ခံစားချက်မျိုးကို ရလိုက်တယ်... ရင်သပ်ရှုမောစရာ မြင်ကွင်းမျိုးဆိုတာ ဒီလိုနေရာမျိုးကို ပြောတာဖြစ်လောက်မယ်... စိမ်းညို့အုပ်မှိုင်းပြီး အခြား ကမ္ဘာငယ်လေးကို ရောက်သွားသလိုပါ... ဘာမှမစဉ်းစားတော့ပဲ ရှုခင်းတွေကိုပဲ ခဏလောက်ငြိမ်ပြီး ကြည့်နေမိတော့တယ်...။

✔ဝင်္ကဘာတောင် - လှိုဏ်ဂူပါရှိတဲ့ ပင်လောင်းမြို့မှ နာမည်ကြီး ကျောက်သားတောင်ပါ... လှိုဏ်ဂူအတွင်းထဲအထိ ဝင်လို့ရပေမယ့် တော်တော်သတ္တိရှိမှ ရမယ်... ကိုယ်တွေကတော့ ဖုန်းမီးလေးနဲ့ထိုးပြီး ဝင်ခဲ့လိုက်တာပဲ... အတွင်းမှာ အဝင်နားလောက်ထိပဲ မီးထွန်းထားတဲ့ အတွက်ကြောင့်ပါ... အတွင်းမှာတော့ ဂူပေါက်ကြားထဲမှ နေပျောက်ထိုးပြီး သိပ်လှနေတဲ့ နေရာတွေ ရှိပါတယ်... ဂူတွင်းမဝင်ချင်လည်း တောင်ပေါ်လှေကားနဲ့ တက်ကြည့်နိုင်ပါသေးတယ်... တောင်နားတစ်ဝိုက်က စေတီတော်တွေကတော့ အဆူတွေအများကြီး စီတန်းထားတဲ့ ပုံသဏ္ဍာန်နဲ့ဆိုတော့ မြောက်ဦးဘုရားတွေလို လှနေတာ မြင်နိုင်မှာပါ...။

✔ပင်လောင်းဈေး - မုန့်စားတာဖြစ်ဖြစ် လက်ဆောင်ပစ္စည်းဝယ်တာဖြစ်ဖြစ် ပင်လောင်းဈေးထဲကိုလည်း ဝင်နိုင်ပါသေးတယ်... အသီးအနှံပေါသလို ဈေးကလည်း အရမ်းတန်ပဲလေ... ကိုယ်ကတော့ အသီးတွေ ဝယ်ရတာ အရမ်းကြိုက်တယ်... အပြင်ဘက်ခြမ်းမှာလည်း ဝက်သားဒုတ်ထိုးဆိုင်တွေ့လို့ ဝင်စားခဲ့သေးတယ်... အများကြီး ထည့်ပေးပြီး ပိုက်ဆံရှင်းတော့လည်း လေးယောက် အဝစားတာကို 5000 မပြည့်ဘူး... စွန်းတန်လွန်းပါတယ်...။

✔လုံးနင်္ဂါးပတ်စေတီတော် - ပင်လောင်းမြို့က အံ့ဩစရာအကောင်းဆုံး အရာတစ်ခုကို ပြပါဆိုရင် လုံးနင်္ဂါးပတ်ရွာမှာ ရှိတဲ့ ဒီစေတီတော်ပဲလို့ ဖြေပါရစေ... လုံးပတ် 6 ပေခန့်ရှိတဲ့ အလွန်သေးငယ်သော အောက်ပိုင်း ကျောက်တိုင်ပေါ်မှာ အလွန်ကြီးမားတဲ့ သဘာဝကျောက်သားထုကြီးက ထီးထီးမားမားကြီး တည်ရှိနေတာကို မြင်ရသူတိုင်း မအံ့ဩပဲ မနေနိုင်အောင်ပါ... ပင်လောင်းမြို့ကို ရောက်ခဲ့ရင် ဝင်ဖူးခဲ့ကြပါလို့...။

✔မွေတော်စေတီတော် - ပင်လောင်းမြို့ရဲ့ ကျက်သရေဆောင်လို့ ပြောရမယ့် အကြီးမားဆုံးနဲ့ ဥာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မွေတော်စေတီတော်ကလည်း သွားကိုသွားရမယ့် နေရာထဲ ပါဝင်ပါတယ်... စတင်တည်ထားကိုးကွယ်ခဲ့တဲ့ ခုနှစ်အတိအကျကိုတော့ ယခုအချိန်ထိ ဘယ်သူမှ မသိရှိရသေးပါဘူး... ကျွန်တော်တို့တည်းတဲ့ ဟိုတယ်နဲ့လည်း တော်တော်လေး နီးပါတယ်...။

✔သိပ်လှတဲ့ စပါးခင်းများ - မြို့ရဲ့ အဓိက စိုက်ပျိုးသီးနှံဖြစ်သလို လှေကားထစ်စိုက်ပျိုးထားပုံကလည်း တကယ်ကို ကဗျာဆန်ဆန်လေးတွေ လှနေတာပါ... လုံးနင်္ဂါပတ်စေတီသွားရာလမ်း၊ ဝင်္ကဘာတောင် ရောက်ခါနီး စတဲ့နေရာတွေမှာ ပိုပြီး ထူးခြားလှပတဲ့ စပါးခင်းတွေကို တွေ့မြင်နိုင်ပါတယ်...။

ဒါ့အပြင်ကို ဟားရေတံခွန်၊ စင်းဆင်းရေတံခွန် စတာတွေလည်း သွားရောက်လည်ပတ်နိုင်တယ်တဲ့... ကျွန်တော်တို့ကတော့ အချိန်သိပ်မရလို့ ဟိုတယ်ကပြတဲ့ ပုံလေးတွေပဲ ကြည့်ခဲ့ရတယ်... ဒီလောက်ဆို ကျွန်တော့်ရဲ့ ပင်လောင်းမြို့လေးအကြောင်းဖတ်ပြီး ကျေနပ်လောက်မယ်လို့ ထင်ပါတယ်...။

ခရီးတွေအများကြီးထွက်ပြီး ဘဝရဲ့ အမောတွေ ပြေပျောက်နိုင်ကြပါစေ...

Crd: uploader

ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။ ပအိုဝ်းခမ်းတန် ..............ကျေးဇူးတင်ပါသည်.................

No comments:

Post a Comment